Blog

Laptop

Laptop တလုံးဝယ်တော့မယ်ဆို ဘယ်လိုစဥ်းစားကြလဲ။

တခြားနိုင်ငံတွေမှာတော့ Hire Purchase System ကောင်းကောင်း ရှိတာမို့ Laptop or Desktop တွေရဲ့ ဈေးကိုကြည့်ဖို့မလိုပဲ ကိုယ်လိုချင်တဲ့ performance ရတဲ့၊ ကိုယ့်စိတ်ထဲမှာ သဘောကျတဲ့ ပစ္စည်းကို ဝယ်လိုက်ရုံပါပဲ။ ကျနော်တို့နိုင်ငံမှာကျ တဦးချင်းဝင်ငွေနဲ့ အရစ်ကျဝယ်ယူဖို့ ခက်ခဲမှုတွေကြောင့် အများစုက Laptop ဝယ်ယူတော့မယ်ဆို performance ထက် ကိုယ်သုံးနိုင်တဲ့ ငွေပမာဏနဲ့ ဘာရမလဲဆိုတာပဲ လိုက်ကြည့်တာများပါတယ်။ မှားသလားဆို မှားတယ်လို့ ပြောလို့မရသလို မှန်လားဆို မမှန်ပါဘူး။

ဒီတော့ ကျနော့်အနေနဲ့ Laptop တလုံးဝယ်တော့မယ်ဆိုရင် ဘယ်လိုစဥ်းစားပြီးဝယ်သင့်တယ်ဆိုတာကို ပြောချင်ပါတယ်။ (ကျနော့်ရဲ့ခံယူချက်မို့ အမြင်မတူ လက်မခံနိုင်ရင် လိုက်နာဖို့မလိုအပ်ပါဘူး)

ပထမဆုံးအချက်အနေနဲ့ အရေးအကြီးဆုံးအချက်က Laptop မှာ HDD only သုံးထားတာမျိုးဆိုရင် လုံးဝမရွေးချယ်စေချင်ပါဘူး။ ဘာကြောင့်လဲဆို Laptop CPU တွေရဲ့ core clock က နည်းသလို Desktop CPU တွေလို powerful မဖြစ်ပါဘူး။ ဒီတော့ ဝယ်တုန်းကသာ မြန်တယ်ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ Boot တက်ဖို့တွက် ၁မိနစ်ကျော်စောင့် တက်လာလဲ ၁မိနစ်ကျော်စောင့်။ တခုခုလုပ်ရင်း လေးနေတာ နှေးနေတာတွေ မလွဲမသွေကြုံလာမှာပါ။ ဒါတွေကို မကြုံစေဖို့ M2 SSD သုံးထားတဲ့ Laptop အမျိုးအစားတွေကိုသာ ဦးစားပေးရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒုတိယအချက်ကတော့ Laptop တွေရဲ့ Generation ပါ။ ဒါကလဲ အရေးကြီးပါတယ်။ Intel မှာ Generation တခု‌လောက်ကွာတာက ပြသနာမရှိပေမယ့် Ryzen မှာဆို Generation တခုကွာတာ အတော်ကို ကွာဟချက်ကြီးမားသွားပါပြီ။
Intel ရွေးမယ်ဆို 2020 ခုနှစ်မှာဝယ်မယ့်သူတွေကတော့ 8 Gen ကို အနိမ့်ဆုံးထားပြီးရွေးချယ်သင့်ပါတယ်။ Generation နိမ့်တာ ရွေးလို့ရောမရဘူးလား ? 6 Gen, 7 Gen မရဘူးမဟုတ်ပါဘူး။ ရပါတယ်။ ကိုယ်ကျေနပ်ရင်ပြီးပါတယ်။ Performance အပိုင်းမပြောခင် Design ပိုင်းမှာတင် Generation တခုစီကွာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိလာပါတယ်။
Ryzen ကတော့ ရှင်းပါတယ်။ 2000 series တွေက မသွင်းသလောက်ဖြစ်သွားပြီမို့ ပြောစရာသိပ်မရှိပါဘူး။ 3000 series တွေကတော့ Intel 8 Gen နီးပါး (နီးပါးပဲပြောတာပါ။ တူတယ်မပြောပါ) ရတာမို့ ဈေးနှုန်း ခြေနေအရ ရွေးချယ်မယ်ဆို ရွေးချယ်နိုင်ပါတယ်။ 4000 Series ကတော့ Performance အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။

တတိယအချက်ကတော့ Brand ရွေးချယ်မှုပါ။ Asus ကကောင်းလား MSI ကကောင်းလား HP , DELL . Lenovo က ကောင်းလား မမေးပါနဲ့။ မကောင်းပဲ ဈေးကွက်ထဲရောက်မလာပါဘူး။ ရောက်နေတဲ့ Brand တိုင်းကလဲ အရာအားလုံး ပြီးပြည့်စုံတာမရှိပါဘူး။ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒီတော့ ဘာ Brand ကောင်းလဲ သူများမေးမနေပါနဲ့။ ကိုယ်က ဘယ် Brand ကို ကြိုက်လဲ။ Brand အစွဲမရှိရင် ဘယ် Design ကိုကြိုက်လဲ။ ဒါပဲစဥ်းစားရမှာပါ။

အခုပြောထားတဲ့ အချက် ၃ချက်ကို စဥ်းစားပြီးရင် ဘယ်လိုရွေးချယ်ရမယ်ဆိုတာ အနည်းငယ်တော့ စဥ်းစားလို့ရသွားမယ်လို့ ယူဆပါတယ်။ Ryzen မှာတော့ 3000 Series က 2019, 4000 Series က 2020 မှာထွက်တာမို့ out of date ဖြစ်တာမျိုးမရှိပေမယ့် Intel မှာတော့ CPU နံပါတ်အစတွေကို ကြည့်လိုက်ရင် သူတို့ရဲ့ ထုတ်လုပ်ထားတဲ့ ခုနှစ်ကို အလွယ်တကူသိနိုင်ပါတယ်။ i5 6300 ဆို 2016, i5 7300 ဆို 2017, i5 8300 ဆို 2018, i5 9300 ဆို 2019, i5 10300 ဆို 2020 အစရှိသဖြင့် ခွဲလို့ရပါတယ်။ ဒီတော့ 2,3,4,5 တွေနဲ့စတဲ့ CPU တွေဆို ဘယ်နှခုနစ်ကထုတ်တာ ခန့်မှန်းမိမယ်ယူဆပါတယ်။ အသစ်ဆိုတာရော အဲ့ချိန်ကပစ္စည်းတွေက အခုထိ ရှိနိုင်ဦးမလား။ Showroom Display ဆိုတာရော ၅နှစ်လောက် မရောင်းရပဲနေခဲ့ရင် သုံးဖို့သင့်တော်ပါဦးမလား။ စဥ်းစားရုံပါ။

ဒီတော့ အကြံဥာဏ်ပေးတာက ကျနော်တို့တာဝန်ဖြစ်ပြီး ရွေးချယ်ရတာက ဝယ်ယူသူတာဝန်မို့ အကောင်းဆုံးကို ရွေးချယ်နိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။